MMDT-RISE အကြောင်း

အမျိုးသမီးများဦးဆောင်ကာ လူထုအတွက် အကျိူးရှိသော၊ အရင်းအမြစ်ရှားပါးသော ဘာသာစကားများအတွက် AI သုတေသနများကို ပြုလုပ်နေသော အဖွဲ့အစည်း

ရည်မှန်းချက်

အမျိုးသမီးများနှင့် တက်သစ်စ သုတေသီများအတွက် အခွင့်အလမ်းများ ဖန်တီးပေးပြီး အရင်းအမြစ် အကန့်အသတ်များကြားမှ အများပြည်သူ အကျိုးပြု AI သုတေသနများ ဖန်တီးလုပ်ဆောင်နိုင်ရေး မြှင့်တင်ရန်။

မျှော်မှန်းချက်

အမျိုးသမီးများ ဦးဆောင်သည့် AI သုတေသနနှင့် ဆန်းသစ်တီထွင်မှုများတွင် အရင်းအမြစ် နည်းပါးမှုက ဖန်တီးနိုင်စွမ်းကို ဟန့်တားကန့်သတ်မှု မရှိစေဘဲ စွမ်းဆောင်ရည်များကို အပြည့်အဝ ထုတ်ဖော်နိုင်မည့် သုတေသန အသိုင်းအဝိုင်းတစ်ခု ဖန်တီးပုံဖော်ရန်။

ခံယူချက်နှင့် တွန်းအား

AI သုတေသန ပြုလုပ်ရာတွင် ဒေတာ၊ တွက်ချက်မှုဆိုင်ရာ စွမ်းဆောင်ရည်၊ ရန်ပုံငွေ၊ နည်းပညာ ကိရိယာများနှင့် ကျွမ်းကျင်မှုများ ပိုမို လိုအပ်လျက်ရှိသော်လည်း မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အမျိုးသမီးများနှင့် တက်သစ်စ သုတေသီများအနေဖြင့် ယင်းအရင်းအမြစ်များကို တန်းတူညီမျှ ရရှိနိုင်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

အဖွဲ့အစည်း နောက်ခံသမိုင်း

MMDT-RISE သည် MMDT ၏ သုတေသန လုပ်ငန်းများကို ပိုမို အားကောင်းလာစေရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် သုတေသနဆိုင်ရာ အဖွဲ့အစည်းခွဲတစ်ခု ဖြစ်ပါသည်။ ဤပလက်ဖောင်းသည် AI သုတေသနများကို မြှင့်တင်ရန်၊ လက်တွေ့ကျသည့် ဖြေရှင်းနည်းများ ပေါ်ထွက်လာစေရန်၊ သုတေသန စွမ်းရည်များကို မြှင့်တင်ပေးရန်နှင့် အမျိုးသမီးများ သုတေသနကဏ္ဍတွင် ပါဝင်ဦးဆောင်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ် ဆောင်ရွက်လျက်ရှိပါသည်။

MMDT-RISE လက်တွေ့တွင် အလုပ်လုပ်ပုံ

ကျွမ်းကျင်မှုများကို သင်ယူမည်။ ပြဿနာများကို သုတေသနပြုမည်။ ဖြေရှင်းချက်များကို ဖန်တီးမည်။ ပြောင်းလဲမှုများကို ဦးဆောင်မည်။

သင်ယူလေ့လာခြင်း

လက်တွေ့လေ့ကျင့်ခန်းများ၊ သင်တန်းများ၊ လက်ဆင့်ကမ်းသင်ယူမှုများမှ တစ်ဆင့် AI သုတေသန နည်းလမ်းများနှင့် တာဝန်ယူမှုရှိသော သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရန် အခြေခံ စွမ်းရည်များတည်ဆောက်ပေးခြင်း။

ဖန်တီးတည်ဆောက်ခြင်း

ပြုလုပ်ထားသော သုတေသနများအား လက်တွေ့အသုံးချ၍ရသော AI tool၊ prototypes နှင့် application များအဖြစ်တည်ဆောက်ခြင်း။

သုတေသနပြုခြင်း

အချက်အလက်ကန့်သတ်ချက်၊ တွက်ချက်မှုနှင့် အရင်းအမြစ်အကန့်အသတ်တို့ ကြောင့်ဖြစ်ပေါ်လာသော သုတေသနပြဿနာများကို အဖြေရှာခြင်း။

ဦးဆောင်လမ်းပြခြင်း

သုတေသနများကို တင်ပြခြင်းနှင့် ပြန်လည်မျှဝေခြင်း၊ လက်ဆင့်ကမ်းခြင်းနှင့် အနာဂတ် AI သုတေသန လုပ်ငန်းများကို ဦးဆောင်ခြင်း။

သုတေသနနှင့် စီမံကိန်းအဖွဲ့

MMDT-RISE ကို ဦးဆောင်မောင်းနှင်နေသော သုတေသီများ၊ ဆော့ဖ်ဝဲလ်တီထွင်သူများနှင့် စီမံကိန်း ညှိနှိုင်းရေးမှူးများ။

ဆုမြတ်နှင်း

ဆုမြတ်နှင်း

Project Coordinator

သူမသည် မိုဘိုင်းဘဏ်စနစ် (Mobile Banking) နှင့် Mobile Wallet နည်းပညာများကို အထူးပြုသည့် ဘဏ္ဍာရေး နည်းပညာ (Fintech) နယ်ပယ်မှ စီးပွားရေးဆိုင်ရာ လေ့လာဆန်းစစ်သူ (Business Analyst) တစ်ဦး ဖြစ်သည်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (UCSY) မှ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိထားသူ ဖြစ်ပြီး Women in AI Myanmar အသိုင်းအဝိုင်းတွင်လည်း တစ်နှစ်ပတ်လုံး စေတနာ့ဝန်ထမ်းအဖြစ် တက်ကြွစွာ ပါဝင်ကူညီပေးလျက် ရှိပါသည်။

ချမ်းမြသန္တာ

ချမ်းမြသန္တာ

Media Outreach

လက်ရှိတွင် ဒေတာ အကဲဖြတ်ဆန်းစစ်သူ (Data Analyst) အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊ အကြောင်းအရာ ဖန်တီးမှု (content creation)၊ စီမံကိန်း စီမံခန့်ခွဲမှု (project management) နှင့် ပဋိပက္ခဆိုင်ရာ သုတေသန လုပ်ငန်းများ (conflict research and analysis) အပါအဝင် လုပ်ငန်းခွင် အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းသည် MMDT-RISE ၏ သုတေသန လုပ်ငန်းစဉ်များနှင့် စိတ်ပါဝင်စားသူ ပြည်သူများကို ချိတ်ဆက်ပေးရာတွင် အရေးပါသော အဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်လျက် ရှိသည်။

နုဝေသက်

နုဝေသက်

AI Researcher

သူမသည် လူထုအသိုင်းအဝိုင်းက ရင်ဆိုင်နေရသောစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် လက်တွေ့ကျပြီး လူတိုင်း အသုံးပြုနိုင်သည့် AI နဲ့ Machine Learning နည်းပညာဆိုင်ရာ ဖြေရှင်းနည်းများကို ဖန်တီးရန် စိတ်အားထက်သန်သူတစ်ယောက်ဖြစ်သည်။ သူမ၏ သုတေသနများမှာ Natural Language Processing၊ Computer Vision နဲ့ အရင်းအမြစ် နည်းပါးတဲ့ ဘာသာစကား နည်းပညာများ (Low-resource Language Technologies) အပေါ် အဓိကထားပြီး မြန်မာဘာသာစကားအတွက် AI နည်းပညာ ပိုမို တိုးတက်လာစေရန်ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

သိန်းကျော်လွင်

သိန်းကျော်လွင်

Researcher

ဒစ်ဂျစ်တယ် စိုက်ပျိုးရေး၊ eHealth နှင့် ဆက်သွယ်ရေး နယ်ပယ်များတွင် အတွေ့အကြုံ ၇ နှစ်ကျော် ပိုင်ဆိုင်ထားသောသုတေသီတစ်ဦး ဖြစ်သည်။ လက်တွေ့ကျသော ပြဿနာများကို AI နည်းပညာကို အသုံးပြပြီးဖြေရှင်းနိုင်ရန်အတွက် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး Computer Vision၊ Deep Learning၊ Edge AI၊ Precision Agriculture နှင့် Low-resource Languages များအတွက် AI နည်းပညာဆိုင်ရာ နယ်ပယ်တို့ကို အထူးစိတ်ပါဝင်စားသူ ဖြစ်ပါသည်။

အကြံပေးနှင့် ပံ့ပိုးကူညီရေးအဖွဲ့

နည်းပညာဆိုင်ရာ လမ်းညွှန်မှု၊ လက်တွေ့အသုံးချမှု မဟာဗျူဟာနှင့် လူထုဆက်ဆံရေးတို့ကို ပံ့ပိုးပေးနေသော အကြီးတန်း အကြံပေးများနှင့် ကျွမ်းကျင်သူများ။

မျိုးသီတာ

မျိုးသီတာ

Advisor

မြန်မာနိုင်ငံတွင်မွေးဖွားတာ လက်ရှိတွင် ပြည်ပနိုင်ငံတစ်ခု၌ တက္ကသိုလ်ပါမောက္ခအဖြစ် ဆောင်ရွက်လျက်ရှိသောဒေါက်တာမျိုးသီတာသည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် သုတေသနဆိုင်ရာ အတွေ့အကြုံ များစွာကိုပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်သည်။ သူမအနေဖြင့် MMDT-RISE တွင် စီမံကိန်းကို တိုက်ရိုက် ဦးဆောင်ခြင်းထက် ပညာရပ်ဆိုင်ရာ အကြံပေး (Academic Advisor) အဖြစ် သုတေသနဆိုင်ရာ လမ်းညွှန်မှု (Mentorship)၊ နည်းပညာ အကူအညီနှင့် စာတမ်းထုတ်ဝေရေး (Publication Support) များကို အဓိက ပံ့ပိုးပေးလျက် ရှိပါသည်။ သုတေသနဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု အဝဝကိုမူ အရှေ့တောင်အာရှ အခြေစိုက် အဖွဲ့က အဓိကတာဝန်ယူ ဆောင်ရွက်ပါသည်။

ခိုင်ဇာသွယ်

ခိုင်ဇာသွယ်

Dev & Deployment Advisor

ဂျပန်နိုင်ငံရှိ ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတစ်ခုတွင် ဆော့ဖ်ဝဲလ် အင်ဂျင်နီယာနှင့် နည်းပညာပိုင်းဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများကိုလုပ်ကိုင်နေသူတစ်ဦး ဖြစ်ပြီး နည်းပညာနှင့်ပတ်သက်ပြီး အတွေ့အကြံများစွာပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါသည်။ သူမသည် နည်းပညာဆိုင်ရာ ဗိသုကာဒီဇိုင်း (Technical Architecture)၊ အချက်အလက် လုံခြုံရေး (Data Security)၊ ထုတ်ကုန်ဝန်ဆောင်မှု ပေးအပ်ခြင်း (Product Delivery) နှင့် နည်းပညာ လမ်းညွှန်မှု (Technical Mentoring) စသည့် နယ်ပယ်တို့တွင် ကျွမ်းကျင်စွာ အကြံပြု ဆွေးနွေးပေးနေပြီး၊ အဖွဲ့အစည်းများ ရေရှည်ရပ်တည်နိုင်မည့် နည်းပညာစနစ်များ တည်ဆောက်ရာတွင်လည်း တက်ကြွစွာ ကူညီပံ့ပိုးပေးလျက် ရှိပါသည်။

နှင်းဦးဝေလှိုင်

နှင်းဦးဝေလှိုင်

Communication & Outreach

မြန်မာနိုင်ငံရှိ ပညာရပ်ဆိုင်ရာ လူမှုသုတေသန (Academic Social Research) နယ်ပယ်တွင် နှံ့စပ်ကျွမ်းကျင်သူဖြစ်ပြီး ကွဲပြားစုံလင်သောနောက်ခံများဖြင့် ဖွဲ့စည်းထားသော လုပ်ငန်းခွင်များတွင် အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆရာ/မများ ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူဖြစ်ပြီး လူမှုအကျိုးပြုရေး၊ လူငယ်စွမ်းရည် မြှင့်တင်ရေးနှင့် အသိုင်းအဝိုင်း ပူးပေါင်းပါဝင်ရေး လုပ်ငန်းစဉ်များတွင် အထူး စိတ်အားထက်သန်စွာ ဆောင်ရွက်လျက် ရှိသူဖြစ်ပါသည်။

သီဟကိုကို

သီဟကိုကို

Project Manager

မြန်မာနှင့် အရှေ့တောင်အာရှအတွင်း Data၊ Civic Tech နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး နယ်ပယ်များတွင် အတွေ့အကြုံ ၅ နှစ်ကျော်ရှိသူ ဖြစ်သည်။ Thibi နှင့် Myanmar Data Tech တို့တွင် Data Training နှင့် သုတေသနပိုင်းကို ဦးဆောင်ကာ မိတ်ဖက် အဖွဲ့အစည်းများအနေဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်း နှင့် Data Storytelling တို့အတွက် အချက်အလက်များ ထိရောက်စွာ အသုံးပြုနိုင်အောင် ကူညီပေးနေပြီး Grant Proposal၊ Donor Reporting နှင့် Multi-stakeholder Coordination တို့တွင်လည်း အတွေ့အကြုံ များစွာပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည်။